နမ့်ဆန် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယနေ့ နံနက်(၁၀)နာရီက မိဘပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၂၀၂၁ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၅) အမှတ်(၁)ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများတို့က ဌာနဆိုင်ရာ စုပေါင်းရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့ရှိ ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့၊ လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးသတိ ကဗျာများ၊ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်(၉)ချက် ကဗျာများ ပါရှိပြီး လွတ်လပ်ရေး၏ အနှစ်သာရကို ပြည်သူများ ဖတ်ရှုသိရှိနိုင်ရန် အခမဲ့ထုတ်ဝေဖြန့်ချိပေးလျက်ရှိကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)