ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် စေတနာအလှူရှင်တို့ ပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ နှာခေါင်းစည်း၊ လက်အိတ်နှင့် မျက်နှာကာများလှူဒါန်းပေး

ရိခေါ်ဒါရ်         ဒီဇင်ဘာ         ၃၀

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိရေးကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် စေတနာအလှူရှင် ကိုမင်းမင်း(ခ)ကိုဝင်းမင်းရှိန် ACE (Wine & Liquor Mart) တို့ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) ၂၅၀၀ ခု၊ လက်အိတ် (Glove) ၂၀၀ ခုနှင့် မျက်နှာအကာ (Face Shield) ၂၀၀ တို့ကို ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ ဒီဇင်ဘာ ၂၉ ရက်က ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင် ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အမှာစကားပြောကြားရာတွင် “ရိခေါ်ဒါရ်မြို့ ဟာမြန်မာ-အိန္ဒိယနှစ် နိုင်ငံနယ်စပ်မြို့ဖြစ်သည်နှင့်အညီ တစ်ဖက်အိန္ဒိယနိုင်ငံဖက်မှ မြန်မာနိုင်ငံသား နေရပ်ပြန်လာကြသူများ၊ ပြည်တွင်းမှခရီးသွားပြည်သူများ ဝင်ထွက်သွားလာမှုရှိတတ်ကြောင်း၊ သို့ဖြစ်ပါ၍ မြို့ဝင်မြို့ထွက်နေရာများ ပူးပေါင်းစစ်ဆေးရေး ဂိတ်များအပြင် နှစ်နိုင်ငံနယ်စပ် နေရာမှာလည်း ပူးပေါင်းစစ်ဆေးရေး စခန်းတစ်ခုဖွင့်လှစ်ထားပြီး ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်၌ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်း သုံးပစ္စည်း များဖြစ်တဲ့ နှာခေါင်းစည်း၊ လက်အိတ်နှင့် မျက်နှာအကာ ပစ္စည်းများ ပြတ်လပ်နေချိန်မှာယခုလိုစေတနာရှင်များမှ လာရောက် လှူဒါန်းမှုအပေါ် အထူးကျေးဇူးတင် ရှိပါကြောင်း၊ ပေးအပ်လှူဒါန်းခဲ့တဲ့ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်း များအားရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာများ၊ Volunteer များ၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များမှ တာဝန်ထမ်းဆောင်တဲ့ ဌာနဆိုင်ရာနှင့် စေတနာ့ဝန်ထမ်း များအားအခမဲ့ ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားသည်။ ဆက်လက်၍ ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင် ကရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် စေတနာအလှူရှင် များကိုယ်စား ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင် ဦးဆလိုင်းသိန်းဌေးလွင် က နှာခေါင်းစည်း (Mask) ၂၅၀၀ ခု၊ လက်အိတ် (Glove) ၂၀၀ ခုနှင့် မျက်နှာအကာ (Face Shield) ၂၀၀ တို့ကိုပေးအပ်လှူဒါန်းပြီး မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဥက္ကဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါက်တာစန်းမာ၊  ကော်မတီအဖွဲ့ဝင် ဦးနိုင်းခေါဂေတို့ကလက်ခံပေးပြီး မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဥက္ကဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် နှစ်နိုင်ငံနယ်စပ်နေရာ၊ မြို့ဝင်မြို့ထွက်နေရာများ၌ ပူးပေါင်းစစ်ဆေးရေးဂိတ် များဖွင့်လှစ်ပြီး နေ့ညမပြတ်​စောင့်ကြည့်စစ်ဆေးခြင်း၊ ရပ်ကွက်အတွင်း ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆော်သြခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ခြင်း တို့ကိုနေ့စဉ်မပြတ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လာလ်ပက်လောမ် (ပက်ကာ)