နေပြည်တော် ဒီဇင်ဘာ ၃
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ရာတွင် ဒီဇင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖြူးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းပြည်နယ်အတွင်းရှိ လဲချားမြို့နယ်၊ မူဆယ်မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ကျေးသီးမြို့၊ ရပ်စောက်မြို့နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်တို့တွင်လည်း တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီ အဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ ပူးပေါင်း၍ မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများက ကြည်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြန်/ဆက်