နောင်တရား ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာ အုပ်စု၊ ဘုရားဖြူကျေးရွာ၌ ဆောင်းသီးနှံ အဖြစ်စိုက်ပျိုးသည့် ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
ပင်လောင်းမြို့နယ်အတွင်းတွင် စိုက်ပျိုးရေးတောင်သူများက အာလူး၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ဂျင်း၊ အစေ့ထုတ်ပြောင်း၊ ဥယျာဉ်ခြံများ စိုက်ပျိုးကြပြီး ဆောင်သီးနှံအဖြစ် ကြက်သွန်ဖြူများကို အများအပြားစိုက်ပျိုးလျက်ရှိသည်။
“ကြက်သွန်ဖြူစိုက်ခင်းကတော့ ကောင်းနေပြီး အခုကြက်သွန်ဈေးက ကျပ်၈၀၀နဲ့၁၀၀၀ကြားမှာ ရှိတယ် ဒီနှစ်ဘယ်သီးနှံဘဲ စိုက်စိုက် ဈေးကောင်းသိပ်မရဘူး ကြက်သွန်ဖြူကို အစို ကျပ်၁၅၀၀နဲ့ရောင်းရမှ အမြတ်ကျန်တယ် အခြောက်ဆိုရင်တော့ ကျပ်၂၀၀၀ကျော်မှ အမြတ်ကျန် တယ်” ဟု ဘုရားဖြူကျေးရွာမှ ကြက်သွန်ဖြူစိုက်တောင်သူ ဒေါ်ဒုတ်ချောက ရှင်းပြသည်။
ကြက်သွန်ဖြူသည် ဆောင်သီးနှံဟုဆိုသော်လည်း ရေသွင်းစိုက်ပျိုးရခြင်းကြောင့် အရင်းအနှီးကုန်ကျစရိတ် များပြားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ကြက်သွန်ဖြူစိုက်ပျိုးရာတွင် တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကျပ်သိန်း ၃၀ ကျော်အထိ ကုန်ကျလျက်ရှိသည်။ ပင်လောင်းမြို့နယ်အတွင်းတွင် ကြက်သွန်ဖြူကို ဘီးလူးချောင်းအနီးတစ်ဝိုက်တွင် စိုက်ပျိုးကြပြီး အချို့တောင်သူများက အဝီစိတွင်းများ တူး၍ စိုက်ပျိုးကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)