တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်အပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၃

“လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေးဟူသည့် ဆောင်ပုဒ်နှင့်အညီ ယနေ့တွင် ကျရောက်သည့် အပြည်အပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လူ့အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ အများနည်းတူ တန်းတူညီမျှအခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အလေးထားဂရုပြုတတ်စေရေးတို့အတွက် နှစ်စဉ် ဒီဇင်ဘာလ (၃) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို ကုလသမဂ္ဂက ဦးဆောင်၍ ကမ္ဘာတစ်ဝှမ်းတွင် (၁၉၉၂) ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို ၁၉၉၄ ခုနှစ်မှာ စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၃၂) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ၏ ၇.၁ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ် ကြောင်း၊ မသန်စွမ်းသူများ၏ အရည်အသွေးကို ထုတ်ယူပြီးနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် အသုံးပြုနိုင်မှသာ ရေရှည်တည်တံ့ပြီးဖွံ့ဖြိုးတိုးတက်သော လူအဖွဲ့အစည်းကိုတည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ မသန်စွမ်းသူများအပေါ် ထားရှိသည့်အပြုသဘောမဆောင်သည့် သဘောထားအမြင်များကို ဖယ်ရှားပြီးရှုထောင့်သစ်၊ အမြင်သစ်များဖြင့်မသန်စွမ်းသူများအပေါ် နားလည်လက်ခံပေးနိုင်ရန် အရေးကြီးကြောင်း၊ မသန်စွမ်းမှုကိုအကြောင်းပြုပြီးမသန်စွမ်းသူများကို ခွဲခြားဆက်ဆံ ခြင်းမပြုကြရန်နှင့်မသန်စွမ်းသူများ၏ဂုဏ်သိက္ခာ၊ စွမ်းရည်၊ စွမ်းဆောင်နိုင်မှုများကိုအလေးထားအသိအမှတ်ပြုပေးပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးကြရန်လိုအပ်ကြောင်း၊ မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင် အထည်ဖော်ဆောင်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ကူညီဆောင်ရွက်ပေးကြသူများ၊ ပူးပေါင်းပါဝင်ပေးကြသော မသန်စွမ်းသူများအား ကျေးဇူးတင်ရှိကြောင်း၊  ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်ဖြစ်သည့် လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများ ပါဝင်သောလူ့အဖွဲ့အစည်းများ မြှင့်တင်ပေး နှင့်အညီမသန်စွမ်းသူများ၏အရေးကို မသန်စွမ်းသူများနှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာ Video clipနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်း Video clip များ အားလည်းကောင်း၊ မသန်စွမ်းသူများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေနေမှုအားလည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်သည့် မသန်စွမ်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မသန်စွမ်းသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)