ပူတာအို ဒီဇင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့၌ ၂၀၂၅-ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု ပညာပေးလက်ကမ်းစာစောင်များကို ဒီဇင်ဘာ (၂) ရက် ညနေပိုင်းက စတင်ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် ဒို့အတူတူ မဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွှဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့် အချက်များပါဝင်သည့် အသိပညာပေးလက်ကမ်း စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာတိုး နှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများနှင့် ၂၀၂၅-ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပထမအကြိမ်အနေဖြင့် မဲပေးကြမည့် အ.ထ.က(ပူတာအို)ကျောင်း Grade-12 ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန် (ပူတာအို)