ဘုတ်ပြင်း ဒီဇင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့တော်ခန်းမ ၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည်။
သင်တန်းဖွင့်ပွဲတွင် ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် တာဝန်ဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် လိုအပ်ပါက အစားထိုးတာဝန်ထမ်းဆောင်နိုင်ရန် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်သည်။
အဆိုပါသင်တန်းအား နိုဝင်ဘာလ ၂၆ ရက်နေ့ကဖွင့်လှစ်ပြီး ဖြစ်သော်လည်း မဲရုံများတွင် လုပ်ငန်းလစ်ဟာမှုမရှိအောင် ဒုတိယအကြိမ် ဌာနဆိုင်ရာများနှင့်အတူ ပြန်လည်ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း၊ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ရသည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးအစရှိသည့် မဲရုံအဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်ရွက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွန်ကြားချက်နှင့်အညီ ရှင်းလင်းပြတ်သားစွာ သိရှိနားလည် ဆောင်ရွက်နိုင်ကြစေရန်အတွက် သင်တန်းကိုစိတ်ပါဝင်စားစွာဖြင့် တက်ရောက်ပြီး မိမိတို့၏တာဝန်ကို ကျေပွန်စွာထမ်းဆောင် စေလိုပါကြောင်း ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများအနေဖြင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲလမ်းညွှန်လက်စွဲပါအတိုင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့တာဝန်ကျရာ မဲရုံအလိုက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းကိုပို့ချရာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးသန်းက မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏လုပ်ငန်းလမ်းညွန်၊ မဲပေးစက်ဆိုင်ရာလုပ်ငန်းစဉ်များ၊ အီလက်ထရောနစ် မဲပေးစက် အသုံးပြုခြင်းဆိုင် ရာလုပ်ငန်းလမ်းညွန်ချက်များ၊ အီလက်ထရောနစ်မဲပေးစက်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများရရှိသော ဆန္ဒမဲစာရင်းပုံစံ ၁၇-ခ နမူနာ၊ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြသည့်စက်နှင့် ပတ်သက်၍အသေးစိတ်ရှင်းလင်းသင်ကြားခြင်းနှင့် အီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက် တွေ့ သရုပ်ပြသင်ကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့်မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများ စုစုပေါင်း (၄၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)