ဒီးမော့ဆို ဒီဇင်ဘာ ၃၀
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေလျက်ရှိသော သတင်းစကား လက်ကမ်းစာစောင်ကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးကြီးဒဲရယ်နှင့် ဝန်ထမ်းများက ဒီးမော့ဆို မြို့မဈေးအတွင်း ဝင်ထွက်သွားလာနေသော ပြည်သူ များအား (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာ ကောက်နုတ်ချက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင် ခရီးစဉ်တွင် ပြောကြားခဲ့သည် အမှာစကား ကောက်နုတ်ချက်၊ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန်(၉) ချက်၊ လွတ်လပ်ရေးကြေညာစာတမ်းမှ ကောက်နုတ်ချက်၊ လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးသတိ ကဗျာနှင့် ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)