ထားဝယ် ဒီဇင်ဘာ ၄
၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေနံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ကော်မတီများ ဖွဲ့စည်းထားရှိမှုများ၊ ရှေ့ဆောင်ရွက်ရမည့်လုပ်ငန်းများအား အကြံပြုဆွေးနွေးပေးကြရန်၊ လိုအပ်သည်များကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူခြင်းဖြစ်ကြောင်း၊ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပပြုလုပ်မည့်အပြင် ပြခန်းများ၊ MSME ပြခန်းများ၊ ညစားစာပွဲများ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ညှိနှိုင်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့ဆိုသည်မှာ သမိုင်းမှတ်တမ်းတွင် တန်ဖိုးရှိပြီး နိုင်ငံတော်အအတွက့် မေ့မရနိုင်သောနေ့တစ်နေ့ဖြစ်သောကြောင့် ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် လွတ်လပ်ရေးနေ့အခမ်းအနားအား နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားတွင် အများပြည်သူပျော်ရွှင်ရကြောင်း၊ လွတ်လပ်ရေးအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့အား အနှစ်ရသာပြည့်စုံစွာဖြင့် ဂုဏ်ယူစရာကောင်းအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွင်ပွဲများအားကစားပြိုင်ပွဲများ စတိတ်ရှိုးကဏ္ဍများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ စစ်ရေးပြလုပ်ငန်း၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ပြခန်းများခင်းကျင်းပြသရေး၊ သစ်သီးဝလံများပြိုင်ပွဲကျင်းပရေး၊ မွေးမြူရေးပြိုင်ပွဲ၊ မိခင်နှင့်ကလေးပြိုင်ပွဲ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ပျော်ပွဲရွင်ပွဲများနှင့် အားကစားပြိုင်ပွဲများကျင်းပရေး စသည့်လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)