မံစီ ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့မစျေး၌ ယနေ့နံနက် ၈ နာရီက မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဦးက မီးသတ်ဆေးဗူးများ အသုံးပြုပုံနှင့် မီးငြိမ်းသတ်ပုံများကို ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြဇတ်တိုက် လေ့ကျင့်ခြင်းများကို တပ်ဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် စျေးသူ၊ စျေးသားများကလည်း စိတ်ဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စျေးအတွင်း မီးလန့်မှု၊ မတော်တဆ မီးလောင်မှုများ ဖြစ်ပွားလာပါက လျှင်မြန်စွာ မီးငြိမ်းသတ် နိုင်စေရန်နှင့် မီးဘေးကြောင့် ပြည်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရန်အတွက် မီးငြိမ်းသတ်မှု သရုပ်ပြ လေ့ကျင့်ခြင်းဖြစ်ပြီး မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အသံချဲ့စက်ဖြင့်လှည့်လည် အသိပညာပေးနှိုးဆော်ခြင်း၊ ပြည်သူများ၏ နေအိမ်များအတွင်း မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးဖို၊ လျှပ်စစ်မီးများ အသုံးပြုထားသည့် အခြေအနေများ အန္တရာယ်ကင်းရှင်းမှုရှိ မရှိ၊ ကြိုတင်ပြင် ဆင်ရေးအတွက် မီးချိတ်၊ မီးကတ်၊ မီးသတ်ဆေးဘူး စသည့် အရေးပေါ် မီးသတ်ပစ္စည်း ကိရိယာများ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ တို့ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လှည့်လည်ကြည့်ရှုစစ်ဆေး အသိပညာပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)