တာချီလိတ် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသော အခြေခံ စားကုန်များနှင့် ထောက်ပံ့ကြေး တစ်ကြိမ်တခါမျှ မရရှိသေးသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၃၈၅ စုအား ထောက်ပံ့လှူဒါန်း ပေးခြင်းကို ပါလျံဘုံကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပစ္စည်းများကို တာချီလိတ်မြို့နေ ဦးကြည်မြင့် ဒေါ်နန်းခမ်း (ရွှေနန်းစံမိသားစု ကုမ္ပဏီ လိမိတက်) "တော်ဝင်ဆီပန့်" နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (The Center Trade၊ TPTM Logistics) တို့ ပူးပေါင်းပြီး နိုင်ငံတော်မှ ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ကြေး တစ်ကြိမ် တစ်ခါမျှ မရရှိသေးသော အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်သည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အလှူရှင်များအား ကျေးဇူးတင် အမှာစကား ပြောကြားခဲ့ပြီး မြို့မိမြိုဖတစ်ဦးဖြစ်သော ဦးကြည်မြင့် (ရွှေနန်းစံမိသားစုကုမ္ပဏီလိမိတက်) "တော်ဝင်ဆီပန့်" မှ ယခုကဲ့သို့ အခြေခံလူတန်းစားများအတွက် အလှူတစ်ခုဖြစ်မြောက်နိုင်ရန် စက်သုံးဆီရောင်းဝယ်ရေး မိတ်ဖက်ကုမ္ပဏီတို့နှင့် ဆွေးနွေးညှိနှိုင်းခဲ့ပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုင်းဘတ်ငွေ စုစုပေါင်းတန်ဖိုးဘတ်ငွေ ၁၀ သိန်းတန်ကျေးရှိ အခြေခံစားသုံးကုန် ငါးမျိုးပါဝင်သော ထောက်ပံ့ပစ္စည်းများကို ဒီဇင်ဘာ ၂၈ ရက်နေ့က မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား(၂)မှ ပေးပို့လှူဒါန်းလာခဲ့ရာတွင် ဦးကြည်မြင့် (ရွှေနန်းစံမိသားစု ကုမ္ပဏီ လိမိတက်)နှင့် မြန်မာတာဝန်ရှိသူများက လွှဲပြောင်းလက်ခံခဲ့ကြသည်။
ထောက်ပံ့လှူဒါန်းခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းသွားရန် စီစဉ်ထားကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)