ဖျာပုံ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှဦးဆောင်မှုဖြင့်ယမန်နေ့နံနက်ပိုင်းမှ စတင်၍မြို့ပေါ် ရပ်ကွက်များသို့ အိမ်တိုင် ရာရောက် လိုက်လံ ထောက်ပံ့ပေးကြသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာသို့ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအေးကျော်နှင့် ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်၊ (၁၆)ရပ်ကွက်၊ (၁၄)ရပ်ကွက်များသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါ၍ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ပြီး အသက်၁၀၀နှစ် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ၃၀၀၀၀ကျပ်နှင့် ထပ်ဆောင်း ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေး အပ်ခဲ့ကြသည်။ ဖျာပုံခရိုင်တွင် အသက်၁၀၀နှစ် အထက်ဘိုးဘွား(၂၉)ဦးနှင့် အသက်(၈၅)နှစ် အထက်ဘိုးဘွားစုစုပေါင်း (၃၄၃၆)ဦးရှိပြီး အဆိုပါအဘိုးအဘွားများအား သက်ဆိုင်ရာမြို့နယ်အလိုက် ထောက်ပံငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)