မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ဦးစားပေး လုပ်ငန်းများ အတည်ပြု

မယ်စဲ့ ဒီဇင်ဘာ ၃၀      

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိ လိုအပ်ချက်များဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်မှန်း၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများ အတည်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်ရာတွင် ကျေးရွာအတွင်း အမှန်တကယ်လိုအပ်သည့်လုပ်ငန်းကို ဦးစားပေးရွေးချယ်စေလိုကြောင်းနှင့် ကျေးရွာလူထုမှ သက်ဆိုင်ရာ ဌာနနှင့် ပူးပေါင်းဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးက VDP စီမံကိန်း လုပ်ထုံးလုပ်နည်းများ၊ ကျေးရွာလူထု၏ ရွေးချယ်ထားသော လုပ်ငန်းများကို ပရိုဂျက်တာဖြင့် ချပြ ရှင်းလင်း ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စား၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက VDP စီမံကိန်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဦးစားပေးလုပ်ငန်းများကို အတည်ပြုခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက VDP စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာလူထုများအနေဖြင့် တတ်နိုင်သည့်လုပ်အားကို ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့်  ကျေးရွာ(၇)ရွာ ရွေးချယ်ခဲ့ပြီး လုပ်ငန်း(၁၂)ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)