ဒေးဒရဲ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ မှတ်ပုံတင်မရှိသူပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့မွန်းလွဲပိုင်းက One Stop Serviceဖြင့် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ဆောင်ရွက်ပေးခြင်းဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန်ရည်ရွယ်၍ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် စုရပ်ပြုလုပ်၍ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပြီး အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာသို့ ခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း