ကျွန်းစု ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့မဈေးရှိ အသား၊ ငါး၊ ကုန်စုံ အရောင်းဆိုင်များနှင့် (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲကျော်သူဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့မဈေးအတွင်း ကုန်စိမ်းရောင်းချသော ဆိုင်များ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချသည့် ပျံကျဈေးသည်များ၊ ဈေးရောင်းသူ/ဝယ်သူများက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ များကို တိကျစွာလိုက်နာမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ညွှန်ကြားခဲ့သည်။
ထို့နောက် ကျွန်းစုမြို့ပေါ် ရပ်ကွက်များတွင် ရောင်းချနေသော (A)အဆင့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းကျော်စော