ထားဝယ် ဒီဇင်ဘာ ၁၀
ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ကမ်နားဈေးရှေ့တွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်ချို၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဝေတို့က “ ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် အခမ်းအနားသို့ တက်ရောက်လာသူများ၊ ဖြတ်သန်းသွားလာ နေသောပြည်သူများနှင့်ကမ်းနားဈေးအတွင်းရှိ ဈေးသူဈေးသားများအား ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်အသိ ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာများကို ပြည်သူအများမြင်သာသည့်နေရာများဖြစ်သော ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ကမ်းနားဈေးအရှေ့တွင်လည်းကောင်း၊ အာဇာနည်လမ်းနှင့်ဦးကျော်ရင်လမ်းထောင့် စည်ပင်သာယာဈေးကြီးရှေ့တွင်လည်းကောင်း၊ လေယာဉ်ကွင်းလမ်းနှင့် ရင်ပြင်ပတ်လမ်းတွင်လည်းကောင်းစိုက်ထူပေးထားပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်လည်း ပြည်သူအများမြင်သာသည့် နေရာများတွင် စိုက်ထူပေးထားကြောင်း သိရသည်။
“ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ဆောင်ပုဒ်ဖြင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကိုရွေး ကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ အချက်(၄)ချက်ပါဝင်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)