လပွတ္တာ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ်(၄)ရပ်ကွက်ရှိ သပိတ်ကြို ဘုရားကြီးရှေ့တွင် ယနေ့နံနက် ၈ နာရီအချိန်က “ဒို့အတူတူမဲပေးကြမယ်” ဗီနိုင်းပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဗီနိုင်းပိုစတာစိုက်ထူပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားပြီး “လှမ်းစို့ကူညီမဲရုံစီ ဒီမိုကရေစီဖော်ဆောင်မည်၊ ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ဗီနိုင်း ပိုစတာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၎င်းဗီနိုင်းပိုစတာ အား အမွှေးနံ့သာရည်များပက်ဖြန်းပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည်ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ စသည့် အသိပညာပေးလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများမှပူးပေါင်း၍ လမ်းဆုံလမ်းခွများ၊ လူစည်ကားသည့်နေရာများ၊ ကားဂိတ်များနှင့် ဈေးများအတွင်း လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)