ချောင်းသာ ဒီဇင်ဘာ ၁၀
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေး အစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက်ပိုင်းက “ဒို့အတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို တာဝန်ရှိသူများပူးပေါင်း၍ အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချောင်းသာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များစုပေါင်းကာ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ချောင်းသာမြို့ရှိ လူစည်ကားရာ နေရာများဖြစ်သော ကားဂိတ်၊ မြို့မဈေးနှင့် ချောင်းသာကမ်းခြေတို့တွင် အသိပညာပေးဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေးကောက်ပွဲဆိုင်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့စသည့် အကြောင်းအရာများပါဝင်သည့် အသိပညာပေးဆောင်ပုဒ်များပါဝင်ပြီး မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းပါဝင်မဲပေးနိုင်ရေးအတွက် အရှိန်အဟုန် မြှင့်လှုံ့ဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း (ပြန်/ဆက်)