ဖယ်ခုံ ဒီဇင်ဘာ ၃၁
တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း လုပ်ငန်းများ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲအတည်ပြုရေး အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီနျို့၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်နိုင်တို့က အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်သူက ဌာန၏ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း လုပ်ငန်းများ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲထားမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။
အဆိုပါ ငွေလုံးငွေရင်း လုပ်ငန်းများတွင် အဆောက်အအုံများ၊ လမ်းနှင့်တံတားများ၊ ရေပေးရေး လုပ်ငန်းများ စသည်ဖြင့် အခြားလုပ်ငန်းများ အပါအ၀င် စုစုပေါင်းလျာထားငွေ ကျပ် ၁၂၆ သန်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
အခမ်းအနား တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့၀င်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များတို့က လုပ်ငန်းဆောင်ရွက်မည့် လျာထားအစီအစဉ်များအား ဝိုင်း၀န်းအကြုံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)