တောင်ကြီး ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ/မွမ်းမံ) ယူနီဆက်၊ နိုင်ထောင်လုပ်ငန်းများ စာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် ကျေးလက်ဦးစီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က စာချုပ်ပါ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို Video Conferencing (Zoom Meeting) ဖြင့်ရှင်းလင်း ပြောကြားသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု /ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရေပေးရေးလုပ်ငန်းမှာ လုပ်ငန်းအရေအတွက်(၄၂၂) ခွင့်ပြုငွေကျပ် သန်း(၉၀၂၃.၁၃၅) လမ်းတံတား လုပ်ငန်းတွင် လုပ်ငန်းအရေအတွက်(၃၄၀) ခွင့်ပြုငွေကျပ်သန်း(၇၇၁၄.၁၃၇) ဖြစ်ကြောင်းနှင့် အဆောက်အဦ(၁၀)ခုကို ရှမ်း(၃) ရှမ်းအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် (၈၈၉.၁၉၁)သန်းဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တင်ဒါလာလျှောက်သည့် ကုမ္ပဏီပေါင်း (၄၀၀)ကျော်ရှိသည့်အနက် တင်ဒါ စည်းမျဉ်းစည်းကမ်းနဲ့အညီ စိစစ်ရွေးချယ်ကာ ကုမ္ပဏီ(၃၀၈)ခုမှာ တင်ဒါအောင်မြင်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အချိန်မီသတ်မှတ်ထားသည့် ကာလအတွင်း အရည်အသွေး ပြည့်မှီစွာ ပြီးစီးရေးကို ကုမ္ပဏီများ ဖြန့်ခွဲဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်/ ပြည်နယ် အင်ဂျင်နီယာ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ပြီး သတ်မှတ်ကာလပြီးစီးအောင် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ပြောသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း၊ အရှေ့ပိုင်း)မှ ပြည်နယ်ဦးစီးမှူးများက စာချုပ်ပါအချက်အလက်များ လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်သည့် စည်းကမ်းချက်များ ရှင်းလင်းကြပြီး တက်ရောက်လာသည့် ကုမ္ပဏီ တာဝန်ခံများမှ ဆွေးနွေးရန် ရှိသည်များကို ဆွေးနွေးကြကာ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)