ကရသူရိမြို့၊ အခြေခံပညာအထက်တန်း‌ကျောင်း၌  ကျောင်းသား၊ ကျောင်းသူများဖြင့် လူငယ်စကားဝိုင်းကျင်းပ

ကရသူရိ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၈ ရက်က ကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက လူငယ်စကားဝိုင်းသည်ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ အချင်းချင်းရိုင်းပင်း ကူညီတတ်စေရေး၊ အနာဂတ်သားကောင်းရတနာများပေါ်ထွန်းရေး၊ သွက်လတ်ဖြက်လတ်၍ ထူးချွန်ထက်မြက်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံရေးစသည့် လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမက လူငယ်စကားဝိုင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏစွမ်းရည်များသာမက မိမိတို့၏ အသိပညာ၊ အတတ်ပညာအရည်အချင်းများအား အချင်းချင်းထုတ်ဖော် ဖလှယ်ရ သည့် ကောင်းမွန်သည့် စကားဝိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ဦးဆောင်၍ (Grade-11)ကျောင်းသား မောင်ပြည့်စုံအောင်က “လူငယ်နှင့်အားကစား” ကို လည်းကောင်း၊ (Grade-11)ကျောင်းသူ မချစ်စုဝေက “လူငယ်နှင့်မူးယစ်ဆေး”၊ (Grade-11) ကျောင်းသူ မသင်းသင်းလှိုင်က “လူငယ်နှင့်စာပေ”တို့ကို အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိသိလိုသည့်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။

ထိုလူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းရေး ကျင်းပပြုလုပ်ခြင်းဖြစ်ရာ အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)