တာချီလိတ် ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းသို့ လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှ ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၄၀ ဦးသည် ယမန်နေ့က ပြန်လည် ဝင်ရောက် လာခဲ့ကြောင်း သိရသည်။
ရွှေ့ပြောင်း မြန်မာအလုပ်သမားများသည် လာအိုနိုင်ငံ၌ လုပ်ခလုပ်စာ ပိုမိုကောင်းမွန်ခြင်းကြောင့် မိသားစုလိုက် သွားရောက် လုပ်ကိုင်ခြင်းများလည်းရှိပြီး ဟိုတယ်သန့်ရှင်းရေး၊ ဧည့်လမ်းညွန်၊ ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အလုပ်ရုံများပိတ်သိမ်းခြင်း၊ သတ်မှတ်အလုပ်လုပ်ချိန် နာရီထက် ပိုမိုလုပ်ကိုင်ရသော်လည်း လုပ်ခလစာ အပြည့်အဝမရရှိခြင်းနှင့် တချို့အလုပ်သမားများသည် လုပ်ခလစာ ၄ လစာထိမရရှိကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံ ဇာတိရပ်သို့ပြန်လာခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများထံမှ သိရသည်။
ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကို မြန်မာတာဝန်ရှိသူများက စနစ်တကျလက်ခံပြီး ကျန်းမာရေး ဝန်ထမ်းများမှ RDT Test kit များဖြင့် စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမရှိကြောင်း သိရှိရသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မော်တော်ယာဉ်များဖြင့် မိမိနေရပ်ဒေသသို့ နေ့ချင်း ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)