မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြိတ် ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် (GBV) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သားဖွားသင်တန်းကျောင်း (မြိတ်) ခန်းမတွင် ကျင်းပသည်။

အသိပညာပေးဟောပြောရာမြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ကြည်အေးက အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု၊ ကျား/မအခြေပြု အကြမ်းဖက်မှု အမျိုးအစားများ၊ ကျား/မအခြေပြုအကြမ်းဖက်မှု၏ စိတ်ပိုင်းဆိုင်ရာ လူမှုရေးပိုင်းဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များ အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက Social media ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် Social media ၏ ကောင်းကျိုး၊ ဆိုးကျိုးများအကြောင်းကို အသိပညာပေးဟောပြောသည်။

ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု (GBV) ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့်ပတ်သက်သည့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းရာ သားဖွားသင်တန်းသူများက ပါဝင်ဖြေဆိုခဲ့ကြပြီး ဖြေဆိုကြသည့် သင်တန်းသူများအား တာဝန်ရှိသူများက စာအုပ်လက်ဆောင်များပေး၍ အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)