မြစ်ကြီးနားမြို့အတွင်းရှိ အာမခံအလုပ်သမား (၃၀၀)ဦးတို့၏ သားသမီး(၄၀၀)ကျော်တို့အတွက် ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဒီဇင်ဘာ ၁၀

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ အာမခံ အလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ် ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်နှင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အကျိုး ခံစားခွင့်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ အာမခံထားသည့် အလုပ်သမားများ၏ သားသမိးများ ပညာသင်စရိတ်ကို ထောက်ပံ့ပေးခြင်းဖြစ်သည့်အတွက် မြစ်ကြီးနားမြို့အတွင်းရှိသည့် အာမခံအလုပ်သမားများကိုယ်စား လှိုက်လှိုက်လှဲလှကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် အာမခံအလုပ်သမားများကို ဆေးကုသမှုနှင့် ငွေကြေးအကျိုးခံစားခွင့်များပေးရာတွင်လည်း ခေတ်နှင့်လျော်ညီပြီး ပိုမိုထိ‌ရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်အောင် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ ဆက်လက်ပြီးလည်း အာမခံအလုပ်သမားများနှင့် အလုပ်ရှင်များ အကျိုးရှိစေမည့် အရာများ ကို ဆက်လက်ဖန်တီးဆောင်ရွက်ပေးနိုင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ခြင်းအားဖြင့် အလုပ်ရှင်၊ အလုပ်သမားများယုံကြည်အားထားရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အခိုင်အမာရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ယနေ့အခမ်းအနားဖြင့် မြစ်ကြီးနားမြို့အတွင်း မှတ်ပုံတင်ထားသော အလုပ်ဌာန (၃၆၄)ဌာနမှ အာမခံအလုပ်သမား (၂၈၇၇)ဦးရှိသည့်အနက် ပညာသင်စရိတ်လျှောက်ထားလာသည့် အလုပ်သမားများ၏ သားသမီးတို့အတွက် ပညာသင်စရိတ်အပြင် အာမခံအလုပ်သမားများ၏ မီးဖွားမှုနှင့် မီးဖွားစရိတ် အကျိုးခံစားခွင့်၊ ဖခင်ဘဝဖြစ်မှုနှင့် ဇနီးဖြစ်သူမီးဖွားမှုအကျိုးခံစားခွင့်၊ ဆေးဖိုး ကုန်ကျငွေ ပြန်လည်ပေးအမ်းခြင်းတို့အား ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီးက မြစ်ကြီးနားမြို့တွင်းရှိ အာမခံအလုပ်သမား (၃၀၀)ဦးတို့၏ သားသမီး (၄၅၂)ဦးတို့အတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးအဖြစ် စုစုပေါင်း ငွေကျပ်သန်း (၁၉ ဒဿမ ၁၄၀)ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အာမခံအလုပ်သမား (၃)ဦး၏ မီးဖွားမှုနှင့် မီးဖွားစရိတ် အကျိုးခံစားခွင့်အဖြစ် ငွေကျပ်သန်း (၁ ဒဿမ ၅၇၅)သန်းကိုလည်းကောင်း၊  ဒုတိယဝန်ကြီးက အာမခံအလုပ်သမား (၇)ဦး၏ ဆေးဖိုးခွင့်ပြု ငွေကျပ်သန်း (၂ ဒဿမ ၄၇၆)ကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အာမခံအလုပ်သမား (၃)ဦး၏ ဖခင်ဘဝဖြစ်မှုနှင့် ဇနီးဖြစ်သူမီးဖွားမှုအကျိုးခံစားခွင့်တို့အတွက် ငွေကျပ်သန်း (၀ ဒဿမ ၃၅၃)ကို လည်းကောင်း အကျိုးခံစားခွင့်ရ အာမခံအလုပ်သမားများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ အကျိုးခံစားခွင့်ရအာမခံအလုပ်သမားများကိုယ်စား အာမခံအလုပ်သမားတစ်ဦးက ပညာသင် စရိတ်ထောက်ပံ့ကြေးနှင့်အကျိုးခံစားခွင့်များအတွက် ကျေးဇူးတင်ကြောင်းပြန်လည်ပြောကြားသည်။

ယင်းနောက် အဆိုပါ အခမ်းအနားတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်) မှ ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးက မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (National Skill Standard Authority-NSSA) အကြောင်းသိကောင်းများကို ပါဝါပွိုင့် ဖြင့် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)