ကလိန်အောင် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၉ နာရီက ကလိန်အောင်-ရေး-ထားဝယ် အမှတ် (၁) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာနအရှေ့ ပြည်ထောင်စုလမ်းမကြီး နံဘေး လူစည်ကားရာနေရာများတွင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြစို့၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ လှုံ့ဆော်ရေးပိုစတာအား ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဌာနခွဲစာရေးကြီး ဦးအောင်ကျော်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်ခင်ခင်လဲ့နှင့်ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ပြည်ငြိမ်းလှိုင်နှင့်ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ခံ ဒု-ဦးစီးမှူး ဦးမင်းခိုင်၊ မြို့သစ်တောဦးစီးဌာနမှ တာဝန်ခံတောအုပ် ဦးထက်လင်းဦး၊ နယ်မြေမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးမျိုးဆွေဦးနှင့်ဝန်ထမ်းများ မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်စိုက်ထူခဲ့ပြီးနောက် လူစည်းကားရာနေရာများ၌ ပြည်သူများအား ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)