ကျောက်မဲ ဒီဇင်ဘာ ၃၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ မန်ဟွေရွာမှ ချုံးဟောင်းကျေးရွာ ချင်းဆက်လမ်း ၄ မိုင် မြေသားလမ်း ဖောက်လုပ်နေမှုအား ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်သက်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမြေသားလမ်း ၄ မိုင်ဖောက်လုပ်ခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ကျပ် ၁၆၅ ဒဿမ ၇၈၈ သန်း ဖြင့် တင်ဒါအောင်မြင်သော Polar Star ကုမ္ပဏီမှ နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းအား ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းအပြီး ဆောင်ရွက်ရန် လျာထားကြောင်းသိရပြီး လမ်းဖောက် လုပ်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ချောမွေ့အဆင်ပြေ လာမည်ဖြစ်ပြီး ၎င်းတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)