တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” သို့တက်ရောက် ကြည့်ရှုအားပေး

ထားဝယ် ဒီဇင်ဘာ ၁၀

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေလေ့လာ ဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်မျှ‌ဝေအသုံးချနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ် ၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”ကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးဝင်းနောင်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါ်ယဉ်ယဉ်နုတို့က “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ရေအိုးရွက်အကဖြင့် ကပြခြင်း၊  မြန်မာ့သိုင်းဖြင့် သရုပ်ပြသခြင်း၊ “ပြည်ထောင်စုအင်အား” နှင့်  “ပြည့်ရတနာ” သီချင်းဖြင့်ကပြခြင်း၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့များ၏ တီးမှုတ်ကပြ ဖျော်ဖြေနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အတွင်း ခင်းကျင်းပြသထားသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အထက်တန်းအဆင့်ဉာဏ်စမ်းပြိုင်ပွဲ၊ အလယ်တန်းအဆင့်ဉာဏ်စမ်းပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးလှည့်ကွင်းကစား‌‌နေမှု များကို လှည့်လည်ကြည့်ရှုအားပေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များအား လက်ဆောင် ပေးအပ်သည်။

ယနေ့ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”သို့ အမှတ် (၇)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၃၀၀) ဦးခန့် တက်ရောက်ကြပြီး ပွဲတော်တွင်ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့်စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)