ရွှေသောင်ယံမြို့တွင် ပမှတ်(ခေါ်) ငါးသပိတ်ငါးများ ပိဿာချိန်ထောင်ချီရရှိ

ရွှေသောင်ယံ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် ကျော့ပိုက်များဖြင့်‌ ငါးရှာဖွေသူများရှိ နေရာယခုရက်ပိုင်းတွင် ဒေသအခေါ် ပမှတ်(ခေါ်)ငါးသပိတ်ငါးများ ရွှေသောင်ယံဒေသ အသီးသီးတွင် ရရှိနေကြောင်း သိရသည်။

ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ပိုင်ရှင် ဦးသန်းဌေး စက်လှေတွင် ယမန်နေ့နေ့လည်ပိုင်းက အဆိုပါ ပမှတ်(ခေါ်)ငါးသပိတ်ငါးများ ပိဿာချိန်(၁၅၀၀)ဝန်းကျင်ခန့်ရရှိခဲ့ပြီး ဒိုင်သွင်းဈေးနှုန်း တစ်ပိဿာကို (၁၅၀)ကျပ် ရရှိကြောင်း သိရသည်။

ကျော့ပိုက်လုပ်ငန်းမှာ နေ့ရောညပါ ပင်လယ်ပြင်တွင် ရှာဖွေရသော လုပ်ငန်းဖြစ်သည်။ ခုလိုငါးများများ ရရှိပါက ချောင်းသာရှိ ငါးအဝယ်ဒိုင်တွေကို ဖုန်းဆက်ပြီး ခုလိုကာလမှာ စားသုံးသူနဲ့ သတ်မှတ်ဈေးနှုန်းနဲ့ အဆင်ပြေအောင် ရောင်းချရကြောင်း သိရသည်။

ကျော့ပိုက်လုပ်ငန်းမှာ လှေအကြီးအသေးအလိုက် လိုက်သားအရေအတွက် အနည်းအများရှိပြီး ဦးသန်းဌေး စက်လှေတွင် လိုက်သား(၉)ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်ရကြောင်း သိရသည်။

မနှစ်က ကျော့ပိုက်ရာသီချိန်တွင်‌ ရာသီကုန်ချိန်အထိရှာဖွေရရှိငွေမှာ သိန်း(၃၀၀)ကျပ်ခန့်ရရှိသည့်အတွက် တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ကျော့ပိုက်စက်လှေပိုင်ရှင် ဦးသန်းဌေးထံမှ သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)