ငါးသိုင်းချောင်း ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းပိုင်း (၉)ခုတွင် (၂၀၂၀-၂၀၂၁)ဘဏ္ဏာနှစ်အတွင်း စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် လမ်းပိုင်း(၅)လမ်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်(၂)လမ်း၊ လွှတ်တော်ကိုယ်စားလှယ် ခွဲဝေရန်ပုံငွေဖြင့် (၂)လမ်း စုစုပေါင်း လမ်းပိုင်း(၉)နေရာတွင် ကွန်ကရစ်လမ်းများ ခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ရာ ယခုလအတွင်း ခေမာလမ်းနှင့် မင်္ဂလာလမ်းခင်းကျင်းပြီးစီးခဲ့ပြီး ဒီဇင်ဘာလ(၂၈)ရက်နေ့ မှစတင်၍ မြို့မရပ်ကွက်၊ သုခလမ်းအရှည် (၃၃၅ပေ)ပေ၊ လမ်းအကျယ်(၁၅ပေ)ပေ၊ ထု(၈လက်မ)ကို ဆက်လက်ခင်းကျင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယခုနှစ်ဘဏ္ဏာနှစ်တွင် ငါးသိုင်းချောင်းမြို့အတွင်းရှိ ခေမာလမ်း၊ မဂ္ဂင်လမ်းအပိုင်း(၁)၊ အပိုင်း(၂)၊ မင်္ဂလာလမ်း၊ သုခလမ်း၊ အသောကလမ်း၊ ဘုရင့်နောင်လမ်း၊ စိန်မြလမ်း၊ ရဲခေါင်(၁)လမ်းတို့တွင် ကွန်ကရစ်လမ်းပိုင်းများ ခင်းကျင်းသွားမည်ဖြစ်ရာ လက်ရှိအခြေအနေတွင် ငါးသိုင်းချောင်းမြို့၌ လမ်းပိုင်း(၃)နေရာတွင် ခင်းကျင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဘဏ္ဏာနှစ်အလိုက် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်လမ်း ခင်းကျင်းမှုတွင် မြို့တစ်မြို့လုံး နေဖြင့် ယနေ့အထိ (၆၀)ရာခိုင်နှုန်းခန့် လွှမ်းခြုံခင်းကျင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့် ကွန်ကရစ်လမ်းခင်းကျင်းမှု လုပ်ငန်းများကိုလည်း အရည်အသွေး၊ အတိုင်းအတာ၊ စံချိန်စံညွှန်းပြည့်မှီ ကောင်းမွန်ပြီး အများပြည်သူ ဆက်သွယ်သွားလာမှု အဆင်ပြေရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် အချိန်မီ ပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လက်ရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင် ကုမ္ပဏီဖြစ်သည့် ရွှေအောင်လံကုမ္ပဏီမှ ခင်းကျင်းဆောင်ရွက် သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့စည်ပင်သာယာရေး ကော်မတီ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေး ပေါင်းစပ်ဆောင်ရွက် လျက်ရှိပြီး လမ်းပိုင်းအားလုံးကို ၂၀၂၁-ခုနှစ် ဧပြီလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က ပြောကြား ထားကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)