နမ္မတူ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့က ဓာတ်သတ္တုရှာဖွေရေး ဝန်ထမ်း တစ်ဦး၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရကြောင်း နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာမှာ အသက်(၂၆)အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး၊ ဒီဇင်ဘာဘာလ (၂၄)ရက်နေ့တွင် နမ္မတူမြို့၊ ဘော်တွင်းသတ္တုတွင်း၌ Valentis Company ၏ တာဝန်ဖြင့် ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ရန် လာရောက်သူဖြစ်သည်။
ဒီဇင်ဘာဘာလ (၂၄)ရက်နေ့ ညနေပိုင်းတွင် နမ္မတူမြို့နယ်သို့ရောက်ရှိပြီး ရောက်ရှိနေ့မှစ၍ နမ္မတူမြို့နယ် အမှတ်-၂ အခြေခံပညာ အလယ်တန်းကျောင်းတွင် အသွားအလာကန့်သတ် နေထိုင်ခဲ့သူဖြစ်ပြီး ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် swab ရယူကာ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မူဆယ်)သို့ ပေးပို့ စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ(၃၀)ရက်နေ့ ဓာတ်ခွဲစစ်ဆေးချက်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရသော ဓာတ်ခွဲ အတည်ပြုလူနာ ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စစ်ဆေးအတည်ပြုချက်အရ အတည်ပြုလူနာ အမျိုးသားဟာ နိုဝင်ဘာလ (၃)ရက်နေ့တွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ထွက်ခွာလာပြီး နိုဝင်ဘာလ (၅)ရက်နေ့တွင် မန္တလေးမြို့ Hotel Hazel တွင် Quarantine ဝင်၍ Swab ယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့ပြီး မန္တလေးမြို့ရှိကုတင် (၃၀၀)ဆေးရုံတွင် ဆေးကုသမှုခံယူပြီး နိုဝင်ဘာလ (၉)ရက်နေ့တွင် ဧရာဝတီစင်တာသို့ ပြောင်းရွေ့ ဆေးကုသမှု ခံယူခဲ့ကာ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့် ရရှိသူဖြစ်ကြောင်း သိရသည်။
ပြည်နယ် ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုအရ ပိုးတွေ့အတည်ပြု လူနာ၏ ယခင် ပိုးတွေ့ရှိ ဆေးကုသမှုခံယူပြီး အခြေအနေများအရ ဆေးကုသမှု ထပ်မံပြုလုပ်ရန် မလိုအပ်သဖြင့် အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် သီးခြား (၇)ရက် စောင်ကြည့်သွားမည် ဖြစ်ပါသည်။ ၎င်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာမှာ ယခုချိန်ထိ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အတူလာရောက်သူ (၁၀)ဦးအား အမှတ်(၂)၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် သီးခြားထားရှိကာ ကျန်းမာရေး စစ်ဆေးမှုများ ထပ်မံ၍ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)