ပုသိမ်ကြီး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် အန္တရာယ်ကြုံတွေ့ပါက လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး၊ သရုပ်ပြသမှုများကို ယနေ့နံနက် ၉ နာရီက အ-ထ-က ပုသိမ်ကြီးကျောင်းရှိ အောင်ဇဗ္မူခန်းမဆောင်တွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က တက်ရောက်လာသည့် ကျောင်းအုပ်ကြီး ဦးမျိုးဇော်ခိုင်၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအား ရှင်းလင်းပြောကြားပြီး၊ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများအား မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှု စသည့်အကြောင်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အသိပညာပေး video clips များ ပြသ၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း စသည်တို့အား ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင်သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး၊ ငလျင်ပညာပေး ဇာတ်တိုက်သရုပ်ပြသခြင်းလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမင်းသန့်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့မအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိုင်ကုန်းအရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့မအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)