အာနန္ဒာဘုရားကြီး၏ (၉၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူခြင်းတို့ဖြင့် အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပမည်

ညောင်ဦး ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာ ၂၉ ရက်၊  နံနက်ပိုင်းမှစတင်ကာ ဘုရားကြီးတောင်ဘက်မုခ်တွင် သံဃာတော်အရှင်သူမြတ်များက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်မည်ဖြစ်ကြောင်း အာနန္ဒာဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံသိရသည်။

အာနန္ဒာဘုရားကြီးသည် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကာ ဆယ့်နှစ်ပွဲဈေးသည်များ စုံလင်စွာလာရောက်ရောင်းချခြင်း၊ ဒေသခံဈေးသည်များမှ ဒေသထွက် ယွန်းထည်ပစ္စည်းများ ရောင်းချခြင်းနှင့်ဈေးရောင်းဈေးဝယ် အလွန်စည်ကားသော ဘုရားပွဲတော်ဖြစ်သည်။ တစ်လကျော်ကြာအောင် ကျင်းပသည့်ပွဲတော်ဖြစ်ပြီး ဘုရားကြီးရင်ပြည်တော်ပေါ်၌ မြန်မာပြည်အရပ်ရပ်မှ ဆွမ်းသပိတ်လုံးကုသိုလ်ရှင်များ ပြာသိုလပြည့်နေ့နံနက်ပိုင်းတွင် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းသပိတ်လုံးလောင်းလှူကြသည့် အာနန္ဒာဘုရား ဗုဒ္ဓပူဇနိယပွဲတော်လည်းဖြစ်သည်။

အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၃ ရက်ထိ သံဃာတော်အရှင်သူမြတ်များမှ အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းခဲဖွယ်ဘောဇဉ်များဆက်ကပ် လှူဒါန်းခြင်းနှင့်ပြာသိုလပြည့်နေ့ နံနက်ပိုင်းတွင်  သံဃာတော်များအား  ဆွမ်းသပိတ်လုံး၊ ငွေပဒေသာပင်များဖြင့် လှူဒါန်းပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ရာ မြန်မာပြည်အရပ်ရပ်မှ ဆွမ်းသပိတ်လုံးကုသိုလ်ရှင်များ လှူဒါန်းလိုပါက အာနန္ဒာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းချို KBZ Pay ဖုန်း-၀၉၂၀၄၂၉ ၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဒီပါလင်း