ချမ်းအေးသာစံ ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် တက်ရောက်နေသော အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၄)နှင့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၂)တို့တွင် တက်ရောက်နေသော သင်တန်းသားသင်တန်းသူများ၏ အထူးနေ့လယ်စာ စားပွဲအခမ်းအနားကိုဒီဇင်ဘာလ ၁၁ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ဇီးပင်ကြီး ကျေးရွာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရှိ ယောမင်းကြီးစားရိပ်သာတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ပါမောက္ခများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါ အထူးနေ့လည်စာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တက်ရောက်နေသည့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၄)မှ သင်တန်းသားသင်တန်းသူ ၁၀၁ ဦးနှင့် အခြေခံပညာ ဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဉ်(၈၂)မှသင်တန်းသားသင်တန်းသူ ၄၃၀ ဦးတို့နှင့် အတူတကွ နေ့လယ်စာကို သုံးဆောင်ကြပြီးနောက် သင်တန်းသားသင်တန်းသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)