ရိခေါ်ဒါရ် ဒီဇင်ဘာ ၃၁
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား သုံးဦးနှင့် ပြည်တွင်းမှ နေရပ်ပြန်လာသူ နှစ်ဦးတို့သည် ဒီဇင်ဘာ ၃၀ ရက်က ရိခေါ်ဒါရ်မြို့သို့ ထပ်မံရောက်ရှိလာကြပြီး အထကခွဲ ကျောင်းရှိ Facility Quarantine Centre ၌ (၁၄)ရက်ကြာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လာသူများသည် အမျိုးသား သုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ အမျိုးသားသုံးဦးတို့သည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ခွားကျေးရွာ၌ နေထိုင်သူများဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ ဘန်ဂလောမြို့သို့ သွားရောက်ခဲ့ရာမှ ပြန်လာသူကြသူများဖြစ်၍ ၎င်းတို့အား ရိခေါ်ဒါရ်မြို့ ပြည်ပမှ ပြန်လာသူများ ကြိုဆို လက်ခံရေး စခန်း၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လ.ဝ.ကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းမှ နေရပ်ပြန်လာသူ အမျိုးသမီးနှစ်ဦးတို့သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ နေထိုင်သူများဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ နေရပ်ပြန်လာသူများဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူ ငါးဦးတို့၏ ကျန်းမာရေး အခြေအနေ ကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေးအခြေအနေကောင်းမွန် လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း Facility Quarantine Centre နေရာတွင် လက်ရှိ အခြေအနေ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူ ၁၂ ဦးရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)