မိုင်းယန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြသ

မိုင်းယန်း ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြသခြင်းကို ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်က ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံ၊ အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လျင်မြန်စွာမီးငြိမ်းသတ်နည်းအဆင့်ဆင့်ကို အသိပညာပေး ရှင်းလင်းဟောပြောသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းထူး