လားရှိုး ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို အမှတ် (၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အမှတ် (၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီခိုင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များအကြောင်း၊ တိုင်းရင်းသားအားလုံးညီညွတ်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ရေး စသည့်အကြောင်းအရာများအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က လူငယ်များအတွက် သိသင့်ထိထိုက်သည့် ဆိုရှယ်မီဒီယာ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများအားလည်းကောင်း စသည့်အကြောင်းအရာများအား ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများနှင့် စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)