မြစ်ကြီးနား ဒီဇင်ဘာ ၁၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက်ရည်ရွယ်၍ “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် (Court – Led Mediation) နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ်ဗဟိုခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က Justice Delay is Justice Denied ဆိုသည့်အတိုင်း နှောင့်နှေးကြန့်ကြာမှုများသည် တရားမျှတမှုကို ဖော်ဆောင်ရာတွင် အဟန့် အတားဖြစ်စေတတ်ပါကြောင်း၊ စေ့စပ်ဖြေရှင်းရေးစနစ်သည် မြန်ဆန်/ ထိရောက်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာခြင်း စသည့်အားသာချက်များရှိနေပြီး အငြင်းပွားမှု၏ အဓိက အကြောင်းအရာအပေါ် ညှိနှိုင်းအဖြေရှာခြင်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို နားလည်သိရှိပြီး အငြင်းပွားမှုများကို စေ့စပ်ဖြေရှင်းရေးနည်းလမ်းနှင့် လိုလိုလားလားဖြေရှင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုလို အသိပညာပေးဟောပြောခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် အငြင်းပွားမှုများကို ယခုလို စေ့စပ်ဖြေရှင်းရေးနည်းလမ်းနှင့် ဖြေရှင်းနိုင်သည်ကို ပြန်လည်မျှဝေနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုအဖွဲ့အစည်းအေးချမ်းသာယာရေးကို များစွာ အထောက်အကူရရှိစေမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က တရားရုံး ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အသိပညာပေး ဆွေးနွေးပွဲခေါင်းစဉ်ဖြင့် စေ့စပ် ဖြေရှင်းရေးစနစ်ဖြင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ အားသာချက်များကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိ များ၊ ပြည်နယ်ဥပဒေချုပ်နှင့် ခရိုင်/မြို့နယ်ဥပဒေအရာရှိများ၊ ပြည်နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရစ်ယာန် အသင်းတော်အသီးသီးမှ တာဝန်ရှိသူများ၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များနှင့် ဥပဒေပညာဌာနခွဲမှ ပါမောက္ခဌာနမှူးများနှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်း သားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် မွန်းလွဲပိုင်းတွင် ကြက်ပေါင်ခြံရပ်ကွက်အတွင်းရှိ အလင်းဓမ္မကောလိပ် ကျမ်းစာကျောင်း၌ (၁၁) ကြိမ်မြောက် ကချင်ပြည်နယ်လီဆူခရစ်ယာန်အသင်းတော်များ လူငယ် အားကစားပွဲတော်နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ အသင်းတော်တာဝန်ရှိသူများ က လီဆူရိုးရာ အင်္ကျီ၊ ခေါင်းပေါင်းနှင့် လွယ်အိတ်များကို ဂါရဝပြုပေးအပ်ကြသည်။
ဆက်လက်၍ အလင်းဓမ္မကောလိပ်မှ လူငယ်ခေါင်းဆောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် လီဆူလူငယ်မျိုးဆက်များအတွက် အားကစားပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလို မျိုးနွယ်စုအလိုက် မျိုးဆက်သစ်လူငယ်များအား အားကစားပြိုင်ပွဲများကျင်းပပေးခြင်းအားဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေပြီး မူးယစ်ကင်းစင်သော လူမှုအသိုက်အဝိုင်းဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ လူငယ်များ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ယခုလို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည့်အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က လူငယ်ကစားပွဲတော်အတွက် ငွေကျပ်သိန်း(၃၀)ကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဇနီးတို့က ငွေကျပ် (၁၀) သိန်းကိုလည်းကောင်း ချီးမြှင့်ထောက်ပံ့ပေးအပ်ရာ သိက္ခာတော်ရ ဆရာကကျေးဇူးတင်ကြောင်းနှင့် ဓမ္မကောလိပ်အဝင်လမ်း၊ လျှပ်စစ်မီးရရှိရေးတို့ကို တင်ပြတောင်းဆိုရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လီဆူရိုးရာအက အလှများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြကာ သိက္ခာတော်ရ ဆရာတော်၏ ကောင်းချီးတောင်းခံ ဆုတောင်းဆပ်ကပ်ပေးမှုကို ခံယူခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)