မဟာအောင်မြေ ဒီဇင်ဘာ ၁၃
မဟာအောင်မြေမြို့နယ်၊ မြို့တော်ဆေးရုံတွင် မီးဘေးအန္တရာယ်ကျရောက်မှုများ မဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ သိရှိလိုက်နာကြစေရန်အတွက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုးက ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြခြင်းများကို မြို့တော်ဆေးရုံ၌ ယမန်နေ့မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုးက မြို့တော်ဆေးရုံရှိ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်မိုးနှင့် ဆေးရုံဝန်ထမ်းများ စုစုပေါင်း (၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြခြင်းများကို ပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် မြို့တော်ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်မိုးနှင့် ဆေးရုံဝန်ထမ်းများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း(ပြန်/ဆက်)