မြောင်းမြ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာ့လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း (EPC) ရုံး၌ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်းအား မြောင်းမြမြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းကျော်သူဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ မီးဘေးအန္တရာယ်စိုးရိမ်ရသည့်လုပ်ငန်းများတွင် စစ်ဆေးအကြံပေးခြင်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများအား အသိပေးနှိုးဆော်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇေယျာ (မြောင်းမြ)