ဟင်္သာတ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ရောက်ရှိခဲ့ပြီး အဆိုပါရုံး အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားအား တက်ရောက်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်သည့် ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းတို့မှ နိုင်ငံသားစိစစ်ကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ခေါင်းဆေးကျွန်း ကျေးရွာအုပ်စု၊ ခေါင်းဆေးကျွန်းကျေးရွာရှိ ကွင်းအမှတ်(၁၄၄၄)၊ ဦးပိုင်အမှတ်(၄၀/၄၃/၄၄) တောင်သူ ဦးမျိုးလွင်ဦးနှင့် ဦးသန်းထွန်း ပိုင် ဧက (၇၀)ရှိ ပဲကြီး၊ ပဲပုတ်ရောနှောစိုက်ခင်း ရိတ်သိမ်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပိုကျေးရွာအုပ်စု၊ သဲကုန်းကြီးကျေးရွာရှိ တောင်သူ ဦးနိုင်ဝင်း ပိုင် (၁.၀၀)ဧကရှိ နနွင်းစိုက်ခင်းနှင့် (၁.၅၀)ဧကရှိ ပီလောပီနံစိုက်ခင်းတို့အား ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စု၊ မအူကုန်ကျေးရွာရှိ “မဟာနေဘုရင်”ဘုရားသို့ရောက်ရှိခဲ့ပြီး အဆိုပါ ဘုရား၀န်းအတွင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင် သီတင်းသုံးတော်မူသော ဗောဓိရိပ်ငြိမ်တောရဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယ၏ မွေးနေ့အကြိုအလှူအဖြစ် ဒေသခံပြည်သူ မျက်စိဝေဒနာရှင်များအား မျက်စိစမ်းသပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု့အားပေးခဲ့ပြီး ဗောဓိရိပ်ငြိမ်တောရဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယ အားဖူးမြှော်ကြည်ညိုခြင်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ဓမ္ဘီကျေးရွာအုပ်စု၊ ဓမ္ဘီကျေးရွာ၊ ဟင်္သာတ-အင်္ဂပူ ကားလမ်းဘေးရှိ တောင်သူ ဦးကျော်ကျော်ဆွေ ပိုင် (၁.၅၀)ဧကရှိ ဆီထွက်သီးနှံနေကြာစံပြစိုက်ခင်း၌ စိုက်ခင်းဘောင်လုံးခြင်းနှင့် အပင်ရွက်ဖြန်း မြေဩဇာပက်ဖျန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ခရိုင်နှင့်မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)