တနင်္သာရီမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

တနင်္သာရီ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ချောင်းငယ်ရပ်ကွက်ရှိ သုခချမ်းသာဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်ရွှန်းလဲ့ရည်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း သိကောင်းစရာများနှင့် မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM)စနစ်ဖြင့် မဲပေးခြင်းဆိုင်ရာနည်းစနစ်များ၊ မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြခဲ့ကြကာ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက (MEVM)စနစ်ဖြင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများကို စမ်းသပ်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။         

သီသီခိုင်(ပြန်/ဆက်)