ကျိုက်လတ် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးကျင်းပသည့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီလာအေးက လူ့ဘဝအစ ရက်(၁,၀၀၀)အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ရီက ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် အာဟာရ (၅)မျိုးအကြောင်းတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးငယ်များအား အာဟာရပစ္စည်းဖြစ်သည့် ကြက်ဥများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်