မြစ်ကြီးနား ဒီဇင်ဘာ ၁၃
ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကချင်အထူးစီမံချက်ရုံးမှ ယာယီနေရပ်စွန့်ခွာပြည်သူများထဲတွင် စာရင်းပြုစုရွေးချယ်၍ခက်ခဲသည့် အိမ်ထောင်စုများကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကန့်သတ်ချက်မဲ့ငွေကြေးနှင့် စောင်၊ အခင်းများကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ထောက်ပံ့ပေးရာတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့်တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်ရှိ မိုင်းနား RC နှင့် နောင်စီပေါ ယာယီတိမ်းရှောင်စခန်းများသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူ စုစုပေါင်းအိမ်ထောင်စု (၈၀) စုတို့အား တစ်အိမ်ထောင်စုလျင် (၄)သိန်းနှုန်းဖြင့်လည်းကောင်း၊ မန်ခိန်ရပ်ကွက်ရှိ စန်းကားနှင့် နန်ကျင်စခန်းများရှိ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု(၇၀)စုတို့ကို စောင်၊အခင်းများကိုလည်းကောင်း သွားရောက် ထောင်ပံ့ပေးအပ်ခဲ့ကြသည်။
ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှပြုလုပ်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအစီအစဉ်တွင် အဆင်မပြေသည့်အိမ်ထောင်စုများ၊ မိသားစုဝင်များသည့် အိမ်ထောင်စုများ၊ အမျိုးသမီးများ ဦးဆောင်နေရသူများ၊ မိသားစုတွင် နာတာရှည်ရောဂါ ခံစားရသူများ၊ မသန်စွမ်းဖြစ်နေသူများစသည့် အချက်များကို စာရင်းပြုစုရွေးချယ်ထောက်ပံ့ခြင်းဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)