နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စက်ရေတွင်းပြန်လည်တပ်ဆင်ပေးရန်လိုအပ်မှုအခြေအနေများနှင့် ကွန်ကရစ်လမ်းခင်းမည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ယောက်သွားအင်းကျေးရွာအုပ်စု၊ ယောက်သွားအင်းအရှေ့ကျေးရွာတွင် ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အနက်ပေ(၄၀၀)စက်ရေတွင်းမှ မန္တလေးငလျင်ဒဏ်ကြောင့် ရေမြုပ်မော်တာပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်တပ်ဆင်ပေးရန်လိုအပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရပ်ကွက်/ကျေးရွာအတွင်း သောက်သုံးရေဖူလုံမှုရှိစေရေး၊ ရေပေးဝေမှု/ရေထုတ်ယူမှုလုပ်ငန်းစဉ်များ  အမြန်ဆုံးပြန်လည်လည်ပတ်နိုင်စေရေးနှင့် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၁) ရပ်ကွက်၊ ဘိုကုန်းလမ်း အကျယ် ပေ ၁၅ဝဝ၊ အနံ ၁၃ ပေ ကွန်ကရစ်လမ်းခင်းမည့် လမ်းအခြေအနေနှင့် ရပ်ကွက်အတွင်း လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပမှုရှိစေရေးဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဘိုကုန်းရပ်ကွက်၊ ရုံးပတ်လမ်းအနီးရှိ အချင်း ၄ လက်မ၊ အနက် (၄၈၅)ပေရှိသည့် စက်ရေတွင်းပြင်ဆင်ရန်လိုအပ်မှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သောက်သုံးရေဖူလှုံမှုရှိစေရန် စက်ရေတွင်းများ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ရေး၊ ရပ်ကွက်အတွင်း ချုံနွယ်များရှင်းလင်းဆောင်ရွက်ရေး၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများတွင်အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားရှိရေး၊ လမ်းပိုင်းများခင်းကျင်းဆောင်ရွက်ရာတွင်လည်း ရေရှည်ခိုင်ခန့်မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့်လိုအပ်သည်များကို မှာကြားသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ မြို့သစ်ရပ်၊ ဇီဇဝါလမ်း ၁၅၀၀ ပေအား ကွန်ကရစ်လမ်းခင်းရန်လိုအပ်မှုအခြေအနေနှင့် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ တံတားဦးကျေးရွာ ရေနုတ်မြောင်း အကျယ် ၂ ပေ၊ အနက် ၂ ပေခွဲ၊ အလျား ပေ ၃၅ဝဝ တူးဖော်ရန်ဆောင်ရွက်နေမှုနှင့် ရွာတွင်းလမ်း အဆင့်မြှင့်တင်ရေးကွန်ကရစ်လမ်းခင်းပေးမည့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ငလျင်အပါအဝင်သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိစေရန် အလေးထားဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဖြစ်စေရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)