ထားဝယ် ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သရက်ချောင်းဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံသည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် တက်ရောက်လာကြသူများက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၊ နယ်မြေဒေသဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကြုံတွေ့နေရသော အခက်အခဲများအားရှ င်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ရှင်းလင်းတင်ပြချက်များအပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ၌ သရက်ချောင်းမြို့နယ်အနေဖြင့် ယခုအခါတွင် တည်ငြိမ်အေးချမ်းစပြုလာပြီးဖြစ်သောကြောင့် လုပ်ငန်းများလည်ပတ်အောင် ပြုလုပ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ သရက်ချောင်းသည် ဥယျာဉ်ခြံမြေနှင့် လယ်ယာမြေများ ပေါများသော ဒေသဖြစ်သည့်အတွက် စိုက်ပျိုးရေးကို အဓိကအားထား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ထိုနည်းတူစွာ ပင်လယ်နှင့်ထိစပ်သောကြောင့် ပင်လယ်လုပ်ငန်းတွင်လည်း အားထားရသည့်အတွက် ပို၍လုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စပါးဖူလုံမှုတွင် တိုင်းဒေသကြီးအနေဖြင့် (၇၅)ရာခိုင်နှုန်းရှိကြောင်း၊ တိုင်းဒေသကြီးတွင် စပါးစိုက်ဧက နှစ်သိန်းသုံးသောင်းကျော်ရှိပြီး ပန်းတိုင်ရည်မှန်းချက်တွင် တစ်ဧက တင်းတစ်ရာ ထွက်ရှိပါက တိုင်းဒေသကြီးအနေဖြင့် ဖူလုံသောကြောင့် ပန်းတိုင်ရည်မှန်းချက်ပြည့်အောင် လုပ်ကိုင်ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် စပါးကို ပန်းတိုင်အထွက်နှုန်းရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အဓိကပန်းတိုင်အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန် နည်းလမ်းတွင် မျိုးကောင်းမျိုးသန့်ရှိရန်၊ မြေပြုပြင်ရန်၊ ရေရရှိရန်၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရန် စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သီးထပ်အနေဖြင့် ပဲအား အဓိကထားစိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က စပါးအခြောက်ခံစက်တစ်လုံးကို သရက်ချောင်းမြို့နယ်အတွက် မှာယူပေးထားသောကြောင့် မကြာခင်ရရှိမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မျိုးပြောင်းရန်လိုအပ်ကြောင်း၊ မိုးရာသီတွင် စပါးများမိုးစိုပြီး ကျေမွသည့်အတွက် အရည်အသွေးကျဆင်းသောကြောင့် အရည်အသွေးပြည့်မီအောင် စပါးခြောက်ခံစက်ကို ဝယ်ယူပေးထားကြောင်း၊ ပန်းတိုင်ရရှိပါက တိုင်းဒေသကြီးအနေဖြင့် အဆင်ပြေကြောင်း၊ သရက်ချောင်းမြို့နယ်အနေဖြင့် ကွမ်းပင်စိုက်ဧက (၁၆၀၀၀)ကျော်ရှိပြီး တစ်ဝက်ခန့်ကော်ဖီစိုက်ပျိုးပါက မိသားစုဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ဘုတ်ပြင်းမြို့နယ်တွင် ကော်ဖီစိုက်ပျိုးမှုဖြင့် အဆင်ပြေနေကြောင်း၊ စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများနှင့် လုပ်ငန်းရှင်များအား အောင်မြင်စေချင်သော ဆန္ဒရှိကြောင်း၊ ကွမ်းသီးပင်အကြားတွင် စိုက်ပျိုးပါက အဆင်ပြေကြောင်း၊ ကလိန်အောင်မြို့တွင် ကွမ်းပင်အကြား၌ ကိုကိုးစိုက်ပျိုးထားရှိသောကြောင့် အောင်မြင်ပြီး နိုင်ငံရပ်ခြားက ဝယ်ယူနေသည့်အတွက် အဆင်ပြေကြောင်း၊ ကိုကိုးမှချောကလက်ထွက်ရှိသော ဒေသသည် တနင်္သာရီတိုင်းဒေသကြီး တစ်တိုင်းသာရှိကြောင်း၊ ၎င်းအပြင် တက်ရောက်လာသူများအနေဖြင့် မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား အောင်မြင်အောင် ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်သည့်နေရာတွင် ဆန္ဒမဲပေးကြခြင်းသည် အရေးကြီးကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ပြည်သူများအား ရွေးကောက်ပွဲ၏ အနှစ်သာရအား ရှင်းပြပြီး မဲပေးရန်တိုက်တွန်းကြစေလိုကြောင်း၊ မဲပေးသည့်နေရာတွင် မှတ်ပုံတင်သည် အရေးကြီးသည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့်သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ပြည်သူများအား မဲစာရင်းတွင်ပါရှိရေး၊ မကျန်ရှိစေရေးနှင့် မဲပေးနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆန်များချီးမြှင့်ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား သရက်ချောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လက်ခံရယူသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှအရာထမ်း၊ အမှုထမ်းများအား သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆေးရုံအတွင်း ကုသမှုခံယူနေသော ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ချီးမြှင့်ငွေများပေးအပ်ကာ ဆေးရုံအတွက် ဘက်စုံအသုံးပြုရန် အလှူငွေများပေးအပ်သည်။
အလားတူပင် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ရုံးများရှိအရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)