တောင်ကြီး ဒီဇင်ဘာ ၁၃
ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်က ကမ္ဘောဇဘဏ်ရှေ့တွင် စုရပ်ထား၍ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ သိပ္ပံကျောင်းနှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း ၃၁၀၀ ဦးခန့်သည် စုရပ်ဖြစ်သော ကမ္ဘောဇဘဏ်ရှေ့မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ဂနိုင်ကန်လမ်း၊ ဂနိုင်ကန်လမ်းမှ ရုံကြီးလမ်းအတိုင်း ပြည်နယ်အားကစားကွင်းအတွင်းသို့ ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်နယ်အားကစားကွင်းအတွင်း၌ အကြောလျှော့လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်၍ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွဲအမှတ် (၁) နှင့် အမှတ် (၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား ကံစမ်းမဲများ ဖောက်ခဲ့ရာတွင် ဆုများကို စက်ဘီးတစ်စီး၊ ဖုန်းတစ်လုံး၊ မီးဖိုးတစ်လုံးနှင့် အားကစားပစ္စည်းများ မဲဖောက်ပေးခဲ့ကြပြီး အားကစားပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအမျိုးအစားအလိုက် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)