ပင်လောင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပင်လောင်း  ဒီဇင်ဘာ  ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ သင်တန်းဆင်းဘင်ခရာအဖွဲ့က မြန်မာနိုင်ငံတော်သီချင်းဖြင့် သီဆိုတီးမှုတ်၍ အခမ်းအနားတက်ရောက်လာသူများက မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး၊ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပညာရေးဌာန ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဇော်ဌေးက အဖွင့်အမှာစကားနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဆရာဦးခွန်သိန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးဖြူတို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။

ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးဖြူက ဘင်ခရာသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် ဘင်ခရာသင်တန်းနည်းပြဆရာ ဦးညီညီဝင်းထွေးအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးချီးမြှင့်ပြီး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ဘင်ခရာအဖွဲ့က မြန်မာ့ကျောင်းသီချင်းနှင့် ကျောင်းကောင်စီသီချင်း၊ မှုံရွှေရည်သီချင်း၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်၊ နောင်အင်းလေးသီချင်း၊ Waving Flag နှင့် Rasputin သီချင်း၊ Auld Lang Song တေးသီချင်းများဖြင့် တီးမှုတ်သီဆိုဖျော်ဖြေပေးသွားခဲ့ပြီး အခမ်းအနားပိတ်သိမ်းလိုက်နှင့် စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့‌ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်