မိုးနဲမြို့နယ်၌ အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းနေကြာစိုက်ခင်းနှင့် အစေ့ထုတ်ပြောင်း ရိတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မိုးနဲ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖယ်ကျေးရွာတွင် စိုက်ပျိုးထားရှိသော အောင်မြင်ဖြစ်ထွန်း‌နေသည့်ဆောင်းသီးနှံနေကြာစိုက်ခင်းနှင့် အစေ့ထုတ်ပြောင်း ရိတ်သိမ်းနေမှုအခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်းသိရသည်။   

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်‌ဆေးရာတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူးရုံးဝန်ထမ်းများလိုက်ပါ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ခင်း၊ ကြက်သွန်ဖြူပန်းတိုင်ရရှိရေး စံပြကွက်နှင့် အစေ့ထုတ်ပြောင်းရိတ်သိမ်းနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ရာ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့် စိုက်ခင်းတာဝန်ခံတို့က စိုက်ပျိုးထားရှိမှု၊ ရိတ်သိမ်းမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဦးစီးမှူးက လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)