ညောင်ရွှေ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့်ကျေးရွာအုပ်စု၊ ညောင်ဖြူကျေးရွာ ရွာအဝင်ကတ္တရာ လမ်းနှင့် ရေလှောင်ကန်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ ကတ္တရာလမ်းထိပ်မုခ်ဦး၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဦးသိန်းဇော်မိုး၊ ဒေသခံရပ်မိရပ်ဖ ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ အင်းသားတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များက အသီးသီးအမှာစကားပြောကြားကြပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါကျေးရွာအဝင် ကတ္တရာလမ်းနှင့် ရေလှောင်ကန်အား အင်းလေးကန်ဇုန်ဝင်ကြေး ကောက်ခံငွေမှ ပံ့ပိုးကူညီမှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီမှုနှင့် ပြည်သူလူထုများမှ ထည့်ဝင်လှူဒါန်းမှုများဖြင့် စုစုပေါင်း ကုန်ကျငွေကျပ် (၁၀၅)သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ