ခရိုင်အုပ်ချုပ်ရေးမှူး မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးကြည့်ရှု

မောက်မယ် ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့ အတွက်လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာ နားဆိုင်းဆည်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၈.၅၀၀) သန်းဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်နေသော နားဆိုင်းရေလွှဲဆည်အထက်ပိုင်းပေတိုင် (၅၀) တွင် ရေလျှံထိန်းတာဘောင်ပြုပြင်ခြင်းလုပ်ငန်း (၄၅%) ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၁၉.၅၀၀) သန်းဖြင့် နားဆိုင်းဆည်ရေတံခါးရွက်များ ပြုပြင်ခြင်းလုပ်ငန်း (၄၀%) ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ အမှန်တကယ်ပြီးစီးမှုရှိ/ မရှိအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)